♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫

HTML text code

July 3, 2012

ပြန်မလာတော့ဘူးကွယ်


သူငယ်ချင်းတစ်ယောက်က ထူးအိမ်သင်မွေးနေ့ event လေးကို Face Book မှာ ဖိတ်လာတော့ သူ့ ဖိတ်စာကို လက်မခံခင်လေးမှာပဲ ကျွန်မရဲ့ အတွေးတွေက ဟိုး အတိတ်ကို ချက်ချင်း လွင့်ပျံ့
သွားပြီး နားထဲမှာ သီချင်းသံလေး တစ်ခု ခပ်တိုးတိုးလေး ကြားလာမိပါတယ်။ တချိန်တည်းမှာပဲ ပန်းရနံ့သင်းသင်းလေးတွေကိုပါ ရလာသလို။

“ ပန်းခင်းလမ်းပဲ လျှောက်ပါ အချစ်ကလေးရယ် ….
  ခရောင်းတောထဲကတို့ကို ထားခဲ့ကွယ်
  ချစ်ခဲ့ကြတဲ့အဖြစ်ဟာ အိပ်မက်ပဲ
  မင်းဘ၀နေ့သစ်ရောက်ပြီမေ့လိုက်ကွယ်
  အိုး…ဟိုး….ဟိုး… မေ့လိုက်တော့ အချစ်ကလေးရယ် ”

မေ့လိုက်တော့ဆိုတဲ့ သီချင်းလေးနဲ့ ကျွန်မရဲ့ အိပ်မက်တွေကို အစပြုပေးခဲ့သူက ကျွန်မအချစ်ဆုံးသူငယ်ချင်း တစ်ယောက်ပါ..။ သူက ကျွန်မ ကို
အဲဒီသီချင်းလေး ဆိုဆိုပြပြီး ကျွန်မက တစ်ခုခု ငြင်းလိုက်တိုင်း “ ခွင့် ….. မပြူနိုင်ဘူး …..”  လို့ ခေါင်းလေးခါပြီး ဆက် ဆက် ဆိုတတ်ပြန်တယ်။

ဘာတွေလာကြောင်နေတာလဲဆိုတဲ့ အကြည့်နဲ့ ကျွန်မကို သူကပြန်ပြီး တအံ့တသြနဲ့ “ ဒီလောက်နာမည်ကြီးနေတဲ့ သီချင်းကို မသိဘူးလား ငတုံး
မလေးရဲ့ ” ဆိုပြီး နောက်တစ်နေ့ကြတော့ ခပ်ဆန်းဆန်းနာမည်နဲ့ သီချင်းခွေတစ်ခွေ ယူလာပေးပြီး အတင်း နားထောင်ခိုင်းတယ်။

“ ထူးအိမ်သင် … နာရီပေါ်မှ မျက်ရည်စက်များ …..”  တဲ့။

ဟာ နားမထောင်ချင်ဘူး ဘာကြီးမှန်းလည်းမသိဘူးဆိုတာကို အတင်းနားထောင်ခိုင်းတဲ့ ကျွန်မအချစ်ဆုံးသူငယ်ချင်းဟာ သူမှားသွားမှန်း နောက်
ပိုင်းမှာ သိသွားပါတော့တယ်။ အတန်းထဲမှာ ဆရာမလစ်တာနဲ့ သူ့ကို နာရီပေါ်မှ မျက်ရည်စက်များ သီချင်းကို “ ငါ အဲဒီသီချင်း မရဘူးဟာ ”  ဆို
လည်းမရ။

“ ရအောင်ကျက်ထားဟာ ” ဆိုပြီး အတင်း ဆိုခိုင်းတတ်တဲ့ ၊ ဆယ်တန်းစာမေးပွဲကြီး နီးနေတာတောင် စာလုပ်ရင်း သီချင်းနားထောင်နေတတ်တဲ့ ကျွန်မကို “ ကြိုက်သလိုလုပ် ” လို့ ရွဲ့ပြီး ပြောလာတော့ .. “ သူငယ်ချင်းအတွက်တောင် ခွင့်မပြုတော့ဘူးလား ဝေးသွားတဲ့အခါမှ ဆွေးပြီ မလုပ်
နဲ့နော်။ နာရီပေါ်က မျက်ရည်စက်များကို ငါကတော့ မေ့လိုက်တော့မယ် အချစ်ကလေးရယ် ”  လို့ သီချင်းခေါင်းစဉ်တွေနဲ့ ပြန်ပြောတတ်သွားတဲ့
အထိ ထူးအိမ်သင် သီချင်းတွေကို စွဲလန်းသွားတဲ့ ကျွန်မကို သူ လက်မြှောက်သွားပါတော့တယ်။

အလွန်နူးညံ့ပြီး ကရုဏာသံအပြည့်နဲ့ ကိုငှက်ရဲ့ သီချင်းလေးတွေဟာ ကျွန်မရဲ့ စိတ်ဓာတ်ကျမှု အားငယ်မှုတွေကို အားပေးနေသလို ချော့ပေးနေ
သလို အားတက်စေပြီး တခါတလေကျတော့လည်း သူ့ရဲ့ ညည်းသံလေးနဲ့အတူ တိတ်တိတ်လေး လိုက်ငိုနေမိအောင်ကို ကျွန်မကို စွဲဆောင်နိုင်
ခဲ့ပါတယ်။

“ ကိုယ့်ရဲ့ အခန်းငယ်လေးထဲမှာ နေ့တိုင်း
  အားငယ်ထိတ်လန့်စွာ ပုန်းအောင်းနေ တစ်ယောက်တည်း
  အလင်းရောင်များ ပျောက်ဆုံး အထီးကျန်ကမ္ဘာလေးထဲ
  တစ်လောကလုံး ရွံ့မုန်းစိတ်နာနေဆဲ ….”

နောက်တော့ ကိုယ်က စာမေးပွဲလည်းကျ စိတ်ဓာတ်တွေလည်းကျ။ သူငယ်ချင်းကတော့ စာမေးပွဲအောင်ပြီး နယ်ပြန်သွားတော့ စာအုပ်အဟောင်း
တွေနဲ့ နပန်းပြန်လုံးရင်း ကိုငှက်ရဲ့ သီချင်းလေးတွေနဲ့ပဲ ကျွန်မ အဖော်ပြုနေခဲ့မိပါတယ်။


“ ကိုယ့်ရင်ထဲမှာလည်း မှောင်မည်း ပေကျံကာ ပူလောင်နေဆဲ
  နေရောင်တစ်ချို့က အခန်းထဲဝယ်
  ဟိုဒီယိမ်းထိုးကခုန်ဆဲ ရွှေရောင်ပန်းခင်းတစ်စလိုပဲ … တွေ့တယ် ”

အဲဒီအချိန် နောက်တစ်ခါ စာမေးပွဲပြန်ဖြေခါနီး မြန်မာပြည်ရဲ့ အစွန်အဖျား ဟိုးအဝေးကြီးမှာနေတဲ့ သူငယ်ချင်းက ကိုယ်ကြိုက်တဲ့ သစ်သီးတွေရယ် ကိုငှက်ရဲ့ အခွေတစ်ချို့ရယ် ယူလာပြီး စာမေးပွဲဖြေမယ့် သူငယ်ချင်းကို တကူးတက လာအားပေးတော့ ကိုငှက်ရဲ့ သီချင်းလေးထဲကလိုပဲ ကျွန်မရဲ့ အမှောင်ကမ္ဘာလေးထဲ အလင်းရောင်လေးတစ်ချို့ကျဲချလိုက်သလို အိပ်မက်တွေတဖန် မွေးဖွားလာပြန်တယ်.။ အချစ်ဆုံး သူငယ်ချင်းဆီက မျှော်
လင့်မထားဘဲ ရုတ်တရက်ရောက်လာတဲ့ မေတ္တာတွေဟာ ကျွန်မအတွက်တော့ ရွှေရောင်ပန်းခင်းတစ်ခု ဖြစ်သွားပါတယ်။

ဒီတစ်ခါတော့ သူ့သီချင်းက ပြောင်းသွားတယ်။

“ ထာဝစဉ် ရည်ရွယ်ရာ
  ထာဝစဉ်သာ ပျော်ရွှင်ရာ
  မင်း တစ်ယောက်သာ
  နေမင်းလေးလို 
  ဘ၀ကို လင်းလက်သူ …..”

“ မင်းဟာငါ့စိတ်ကူးယဉ်အလှဆုံးပန်းပါ ” လို့ဆိုလာရင်း အားပေးနေတဲ့ ဘေးကအချစ်ဆုံးသူငယ်ချင်းအတွက် တကယ့်အလှဆုံးပန်းဖြစ်အောင်
ကျွန်မကြိုးစားရင်း စာမေးပွဲအောင်ပြီး နောက်ကျကျန်ခဲ့တဲ့ ကျွန်မရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကျွန်မ နိုင်ငံခြားမှာ ကျောင်းသွား
တက်လိုက်တော့ ကျွန်မရဲ့ အိပ်မက်တွေကို မတားဆီးရက်တဲ့ သူငယ်ချင်းလေးဟာ သီချင်းတွေနဲ့ ကဗျာတွေကိုပဲ အဖော်ပြုရင်း ကျန်ရစ်ခဲ့ရှာပါ
တယ်...။

“ ခေါင်းလောင်းလေးတွေ မြည်နေပြီ
  ကလေးရေ …
  ဝေးသွားတဲ့အခါ တို့ကိုသတိရပါနော် ”  အဲဒီလို သီချင်းလေးတွေနဲ့လည်း လွမ်းတေးဆိုတတ်သေး။

တစ်ခါတစ်လေတော့လဲ “ ရင်ခုန်ရင်အချစ်ပဲကွယ် ” လို့ ဆိုညည်းရင်း ကျွန်မကို ရင်ခုန်တတ်လားလို့ စလား စရဲ့..။

ကျွန်မလည်း သူငယ်ချင်းလေး တစ်ယောက်တည်းပါလားလို့ ငယ်သူငယ်ချင်းလေးကို လွမ်းနေမိရင်း အိပ်မက်တွေပြီးဆုံးပြီး မိုးလင်းလာမယ့် အချိန်ကို မျှော်လင့်နေနိုင်ခဲ့တာဟာ သူပို့ပို့ပေးနေတဲ့ မေတ္တာတွေနဲ့ ကိုငှက်ရဲ့ သီချင်းအေးအေးလေးတွေ ကြောင့်သာပေါ့။

“ မင်းအပြုံးလေးများမရှိရင်
  ဘယ်ပွင့်မလဲ ပန်းလေးတွေ
  အလှကင်းမဲ့ လောကအလယ် ကိုယ် ဘယ်လိုနေရမလဲ …..”

ခဏလေးပါဆိုပေမယ့်လည်း ကျွန်မရဲ့ အိပ်မက်တွေကတော့ ရှည်ကြာလွန်းတဲ့ ညပုံပြင်တွေကြားမှာ အချိန်အတော်ကြာတဲ့အထိ နိုးထမလာ
နိုင်ခဲ့ပါဘူး။ ကျွန်မရဲ့ ရွှေရောင်ပန်းခင်းလေးလည်း ခူးစွတ်မယ့်သူ ၊ ပိုင်ရှင်ရှိသွားပြီး အစိမ်းရောင် တံခါးတစ်ချပ်ဟာ ကျွန်မရဲ့ ကောင်းကင်ကို စကားလုံးမရှိတဲ့ကောင်းကင် ဖြစ်သွားစေပါတော့တယ်။

ကိုငှက်ရေ ... ရှင်ကတော့ “ အိပ်မက်တွေ တကယ်ဖြစ်သွားလို့ ….”  ဆိုသွားပေမယ့် ကျွန်မဘ၀မှာ အိပ်မက်တွေ တကယ်ဖြစ်လာရဲ့လားလို့
ပြန်တွေးမိတဲ့အခါမှာ ရှင်နောက်ဆုံး နှုတ်ဆက်သွားသလိုပဲ “ ပြန်လာပါ အိပ်မက်ကလေးရေ ”   လို့ အခါခါ တမ်းတပေမယ့်လည်း လက်တွေ့
ဘ၀မှာတော့ ကျွန်မရဲ့ အိပ်မက်ကလေးတွေဆီကနေ “ ပြန်မလာတော့ဘူးကွယ် ”   ဆိုတဲ့ အသံလေးတွေသာ ပဲ့တင်ထပ်နေတာကို မျက်စေ့
ကနေ ကြားနေရသလိုလို………………………………။

** ဇူလိုင်လ ၁ ရက်နေ့မှာ ကျရောက်မယ့် ကိုငှက်ရဲ့ မွေးနေ့သို့ သတိရရင်း တမ်းတမိတဲ့ အမှတ်တရများ **

No comments:

Post a Comment