အနောက်တောင်ဆီက
တက်လာတဲ့မိုးတွေ
လေတွေကိုနှင်ရင်း
ရွက်ဝါတွေ ကြွေနေတဲ့တောကို
အလုံးအရင်း ရောက်လာတယ်…။
တစ်ဖျောက်ဖျောက် ကျနေတဲ့
စက်ယိုမိုးတွေကို ယှက်ထုတ်ရင်း
ကောင်းကင်ကို မော့ကြည့်မိတယ်
မိုးသားတွေမှောင်နေတုန်းပါပ
ချမ်းခိုက်တုန်နေတဲ့
ကလေးတွေကို နွေးစေရင်း
ငါဟာ…မေးခိုက်နေရတယ်…
စွတ်စိုနေတဲ့ ထင်းတစ်စကို
ကောက်ကိုင်လိုက်ရင်း
ငါတို့ စားဖို့ ဆန်လိုတယ်…။
ချက်မရလို့ မစားရတာ
စားစရာမရှိလို့ မစားရတာ
စားမယ့်ဟန်ပြင်လိုက်တော့လည်
စက်သေနတ် အကြားမှာ
ပါးစပ်နားက ထမင်းတစ်လုတ်ကို
လက်ထဲမှာ ဆုတ်ပြီးပြေးခဲ့ရ
ငါ…အသက်ဆက်ရှင်ရဦးမယ်...။
နေရောင်ခြည်လေး
တစွန်းတစကို
အားကိုးတကြီးနဲ့
ဝမ်းသာမျှော်ခဲ့
အဲဒီ မနက်တွေ
ထင်းတွေကိုနေလှန်း
ဆန်တွေကိုဖြန့်ခင်းနိုင်ဖို
စစ်တလင်းမှာ ငိုင်နေခဲ့ရတယ်။
မိုးသံတွေမနား
တဝေါဝေါစီးနေတဲ့
ရေနီနီတွေရဲ့ကြား
သွေးစီးကြောင်းတွေက များပါတယ်…
ငါတို့ သောက်ရန် ရေလိုတယ်..။
ရွံ့တွေဗွက်တွေကြားမှာ
သူတို့လေးတွေ ဟာ
ပူပင်မရှိရမယ့်အရွယ်
ဒါပေမယ့်လေ
ကျီးကန်းတောင်မှောက်နဲ့
ဆော့ကစားနေရတယ်…
ထုတ်စည်းထိုးရင်
ထမင်းရည်ပူလောင်စရာ
ဆန်မှ မရှိပေမယ့်
ဘေးနေရာတွေ တလွှားမှာ
သေရာပါမယ့်
မြေမြုတ်မိုင်းတွေက တအားပေါ့
သတ္တိကောင်းတဲ့ ကလေးတွေ
သူတို့ အတွက် စာသင်သံတွေ လိုအပ်တယ်။
ဒေါသတွေ အကြောင်း
နာကျည်းမှုတွေ အကြောင်း
ခံစားမှုတွေ အကြောင်း
ညှိနှိုင်းမှုတွေ အကြောင်း
လက်နက်တွေရဲ့ အကြောင်း
ဘာအကြောင်းတွေ ပြောပြော
ငါတို့ အကြောင်းမပါ
နှစ်ဘက်စလုံးရဲ့ စကားတွေမှာ...၊
ငါတို့ အတွက် စာနာမှုတွေ လိုအပ်နေတယ်
ငါတို့ အတွက် ကိုယ်ချင်းစာမှုတွေ လိုအပ်နေတယ်
ငါတို့ အတွက်
ငါတို့ အတွက်
ငါတို့ အတွက်
တိုးတိုးလေး မရဲတရဲ
ငြိမ်းချမ်းရေး လိုအပ်နေတယ်။
ကိုဝိုင်ဝိုင်ကေ
၂-၇-၂၀၁၂ နံနက် (၂း၄၀)

No comments:
Post a Comment