ချစ်ခြင်းရဲ့ ဒုက္ခတွေကို
မျက်ကွယ်ပြုထားတဲ့သူကိုမှ
စွတ်စိုနေတဲ့အပြုံးတွေနဲ့ ဖမ်းစားခဲ့တယ် ။
“ဆယ့်နှစ်ကြိုးကဝေလေး” ရေ
နေနိုင်ခဲ့တဲ့ မင်းကြောင့် ....
သုံးရာသီလုံးလုံး လွမ်းမိန့်ကျခဲ့ရပြီ။
ငါ့ရင်ဘတ်ကို နောက်ထပ်မပြုံးပြပါနဲ့တော့
ငါ့ကို လွမ်းတတ်အောင်
မင်းပဲ လေ့ကျင့်ခဲ့တာပါ။
အခုထိ မမေ့နိုင်သေးဘူး
မင်းရဲ့ စေတနာစကားတွေကို
အခုထိ လွမ်းလို့ကောင်းတုန်းပဲ
မင်းရဲ့ ဂရုဏာဒေါသတွေ
အခုထိ သတိရနေဆဲ........
မင်းရဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်း ။
ဘာပဲဖြစ်ဖြစ်
မင်းရဲ့ ခွင့်ပြုနယ်မြေထဲမှာ
ငါ ကျရှုံးခဲ့ပါတယ်
မင်းရဲ့ အပြုံးတစ်ချက်ကြောင့်ပဲ
ငါလွမ်းဖို့ လုံလောက်ခဲ့ရတယ်။
ငါ့ နှလုံးသားကို အလံဖြူပြပြီးမှ
ခံတပ်တစ်ခုလုံး ဝင်သိမ်းသွားခဲ့တဲ့
မင်းကြောင့် ....
အလွမ်းတွေ ကမ်းခြေပြည့်နေခဲ့ပြီ
ကဲ . . . အဲဒီလိုဆိုရင်တော့
ဘယ်လောက်များ ကြေကွဲစရာကောင်
မင်းရက်စက်တယ်လို့တော့ မကြေငြာတော့ပါဘူး
လွမ်းတယ်ဆိုတာ
ခံစားရသူနဲ့ပဲ သက်ဆိုင်တဲ့ဘာသာစကား
အခုလို ခြောက်သွေ့အက်ကွဲနေတဲ့
ရာသီသေကြီးထဲမှာမှ
သတိရမိခြင်းရဲ့ အရိပ်အောက် ခိုဝင်မိလို့
အလွမ်းဆိပ်သင့်ခဲ့ရပြီ။
“ဆယ့်နှစ်ကြိုးကဝေလေး” ရေ
မင်းအပြုံးတွေနဲ့ ရှုံးခဲ့ရတဲ့
ငါ့ကို “အလွမ်းဒဏ်” ကနေလွတ်အောင်
“ဖြေဆေးလေးတော့ ပေးခဲ့ပါနော်” ... ။ ။
ကဗျာ

No comments:
Post a Comment