♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫

HTML text code

March 14, 2012

မေမေ


မေမေ
သားအခုတော့ဖျားနာနေပြီ
အမည်မသိတဲ့လမ်းတွေပေါ်မှာ
ပြန်တမ်းမဲ့ရက်စွဲတွေကို ဖြတ်သန်းရင်း
ဒီညနေတော့ အမေ့ဆီက
ဆန်ပြုပ်ပူပူ မရနိုင်ဘူးလို့
သားတွေးမိတယ်…

မိုးစက်တွေဖွေးဖွေးလှုပ်ကျနေတဲ့
လမ်းမရဲ့ ဘေးတစ်ဖက်မှာ
သားရပ်နေတယ်အမေ…

ဘယ်ကိုထွက်ပြေးရမှန်းမသိလို့
မက်တပ်ရပ်အငေးတွေထဲ

အခု
ခန္ဒာကိုယ်အပူချိန်(၁၀၃)
ချောင်းအနည်းငယ်ဆိုးနေတယ်
အသက်က(၂၆)
သားနဖူးပြင်ကိုစမ်းပြီး
ရွှေမန်းတောင်နဲ့ရေနွေးကြမ်းပူပူတစ်ခွက်
ချွေးထွက်အောင်သောက်လိုက်လို့
အမေပြုံးပြီးပြောမယ့်စကားသံကို
ကျွန်တော်ပြန်ကြားယောင်နေမိတယ်

ဖိနပ်သဲကြိုးက ပြတ်လုပြတ်ခင်
အမေဝယ်ပေးထားတဲ့ တီရှပ်ကလည်း
အခုတော့ နွမ်းနွမ်းဖတ်ဖတ်….
ကျွန်တော်လိုချင်လွန်းလှချည့်ဆိုလို့
အမေ့ဆေးဖိုးဝါးခထဲက
ကျွန်တော်မသိအောင်ဝယ်ပြီး
အ၀တ်သေတ္တာထဲထည့်ပေးခဲ့တယ်
ဂျင်းပင်အပြာလေးလေ
အခုတော့အရောင်တွေလွင့်လို့
အနားတွေဖွာလန်ကျဲလို့…..

မလိုအပ်ပဲဇာတ်နာခဲ့ရအောင်
ကျွန်တော် မတန်တဆကြီးကိုပဲ
မာနကြီးခဲ့မိတယ်
မလိုလားအပ်ပဲ
အလွန်အမင်းကိုမိုက်မဲခဲ့တာပဲ
ကဗျာ…..ကဗျာ
အနုပညာ……အနုပညာ
ဆိုပြီး
ဘာကိုမှလည်း ဟုတ်တိပတ်တိမရခဲ့ပါဘူး…..

အခုလမ်းပေါ်မှာတွေဝေနေတဲ့
အမေ့သားလေ
အမေပေးတဲ့အသက်
အမေပေးတဲ့အင်္ကျီ
အမေပေးတဲ့ဘောင်းဘီနဲ့
အမေပေးတဲ့ဖိနပ်ကိုစီးပြီး
အမေ့ဆီက ညနေစာတစ်နပ်ကို
တောင်းစားဖို့
အကြီးအကျယ်ရှက်ရွံ့နေသတဲ့….

ရှက်လည်းရှက်သင့်ပါတယ်လေ
တမြန်နေ့မနက်က
အစ်မအကြီးဆုံးနဲ့လမ်းမှာတွေ့ရင်း
(၁၀)လပိုင်းထဲမှာ အမေ့မွေးနေ့ရှိတယ်
အမေက နင့်ကိုတွေ့ချင်လို့
အိမ်ကိုလာခဲ့ဦးတဲ့….

အမေ့မွေးနေ့တဲ့
ဘယ်နှကြိမ်မြောက်လည်း
ဘယ်နေ့လဲ….
ကျွန်တော်အပြင်းအထန်ဝေခွဲတာတောင်မရဘူး

လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကအတိုင်း
အမေ့ချွှေးခံဘော်လီထဲက
ထွက်ကျလာတဲ့ငွေစကြေးစကို
ကျွန်တော်မျက်စောင်းထိုးနေရတုန်း

အမေရေ
ကျွန်တော်လေ
ချစ်သောဖေဖော်ဝါရီရဲ့ မွေးနေ့ကိုမမေ့ခဲ့ဘူး
ပြီးတော့
အေဗရာဟင်လင်ကွန်း ၊ မာတင်လူသာကင်း
မဟ္တမဂန္ဒီ ၊ မာသာထရီဇာကနေ
ဗိုလ်ချုပ်အောင်ဆန်းအထိ
ကြည်ညိုလေးမြတ်ရတဲ့
အာဇာနည်တွေရဲ့ မွေးနေ့ကိုတောင်
မမေ့ခဲ့ဘူး
ဒီထက်ပိုကြည်ညိုရမယ့် အမေ့မွေးနေ့ကိုတော့
ကျွန်တော်ဒိုင်ယာရီ စာမျက်နှာတွေပေါ်မှာ
မမှတ်သားမိတာကို ကျွန်တော်အကြီးအကျယ်
ဝမ်းနည်းခဲ့ရတယ်အမေ….

မိုးစဲတော့
ကျွန်တော်လည်းကပ်ရပ်မှီခိုလို့မယ့်
အမိုးအကာတစ်ခုစီထွက်လာမိတယ်
ကျွန်တော်အိမ်ပြန်မအိပ်ရင်
ညဉ့်နက်တဲ့အထိ…
လမ်းအိုလေးပေါ်မျော်ငေးနေမယ့်
အမေ့ကိုမြင်ယောင်ရင်းလေ….။

No comments:

Post a Comment