ရုန်းရ ကန်ရ ဤဘဝ
လေထန်တိုင်းသာ
လွင့်ကြွေပါမူ
ဘယ်မှာ ပန်းများ
ကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ
ကမ်းပြိုပါမူ
ဘယ်မှာမြေကြီး
ကျန်မည်နည်း။
ကျရုံးတိုင်းသာ
ငိုရပါမူ
ဘယ်မှာ မျက်ရည်
ကျန်မည်နည်း။
အမှောင်တစ်ဝက်
လင်းတစ်ဝက်နဲ့
တစ်ရက်တစ်ခါ
ကြုံမြဲသာတည်း
အရုံးတစ်လှည့်
နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ
တွေ့ မြဲသာတည်း
ဘ၀သည်ကား
တိုက်ပွဲများပင်
လှုပ်ရှားရသော
လူ့ ရွာတောဝယ် ....
လင်းသော - မှောင်သော
အောင်သော - ရှုံးသော
မုန်းသော - ချစ်သော
သစ်သော - ဟောင်းသော
ပူသော - အေးသော
နုသော - ကြမ်းသော
စောကြောစိတ်ဖြာ
မနေပါလင့်။
လဲရာက ထ
ကျရာက တတ်
ပျက်ရာက ဆောက်
ရှေ့သို့ လျှောက်၍
ရောက်ရာဘ၀ ..
အားမာန်ပြရင်း
ရုန်းကန်ရမည်တကား။
ဦးအောင်သန်းထွန်း (မုံရွာ)

No comments:
Post a Comment