♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫

HTML text code

March 13, 2012

ကဗျာဝတ်မှုန် နာရီပေါ် ခုန်နေတဲ့ သမီးလေး

သမီးကို နာရီကြည့်တတ်ဖို့သင်ပေးတယ်။
မျက်ရည်တွေ ဘာတွေကျလို့။
သုံး လေး နှစ်အရွယ် 

သူ နာရီအကြောင်း မသိချင်သေး။
အချိန်ဟာ ချင့်ချိန်ပြီးသုံးစွဲရမယ်
အချိန်ဟာ ချားရဟတ်လိုလည်နေတယ်

အချိန်ဟာ ဘယ်တုံးကမှ မသေဆုံးနိုင် 
ဆိုတာတွေ သူမသိ၊

အချိန်ဟာ အိမ်ရှေ့ကမြေနီလမ်းကလေးပေါ်
စက်ဘီးကလေးထိုးတင်နင်းပြေး သွားဖို့ ကောင်းတဲ့အရာ၊
အချိန်ဟာ အိမ်ရှေ့က ခရေပင်လေးအောက်
ခရေပန်းလေးတွေ ခေါက်ချလို့ 
စီကုံးနမ်းရှိုက်နေရမယ့်အရာ၊
အချိန်ဆိုတာ စပျစ်သီး ချောကလက်လေးစား
တီဗွီ ချန်နယ်တွေ တစ်ခုနဲ့တစ်ခုကြား
ပြေးလွှားပျော်ပါး ဆော့ကစားနေရမယ့်အရာ၊
သူ နာရီတွေအကြောင်း မသိချင်ရှာသေး၏
သမီးရေ နာရီတွေထဲမှာ
နစ်နာမှုတွေ ရှိနေတယ်ဆိုတာကို
ပြောလို့မရသေး။
သူ့ကို နာရီတွေရဲ့နောက်က
နောင်တတွေအကြောင်း ဟောလို့မရသေး။
လစ်ရင် လစ်သလို
နာရီတွေကို ရေထဲ ဆွဲနှစ်ပစ်တယ်
လစ်ရင် လစ်သလို
နာရီတွေကို တစ်ခုခုနဲ့ ထုခွဲပစ်တယ်
လစ်ရင် လစ်သလို
နာရီတွေကို တွေ့ကရာလူ ပေးပစ်လိုက်တယ်၊
ခိုင်းရင် လုပ်ချင်မှ လုပ်ပြီး
မခိုင်းဘဲ ဆာဆာလောင်လောင်
တစ်နေကုန် ကြိမ်မီးအုံးသလို

စာကိုရွတ်ဖတ် အစာဖြတ်
ရေဖြတ် လုပ်တတ်တယ်၊
အခု ၅ နှစ် ၆ နှစ်အတွင်း
တွေ့သမျှ ကဗျာတွေ အလွတ်ကျက်
ပုံပြင်တွေ ပြင်ပြောလို့ မရတော့ဘူးလားလို့
တစ်ခါတစ်ခါ သူမေး
ဖေဖေ အိမ်မှာ
ပုံပြင်တွေ ပြတ်နေပြီ
ဖေဖေ သမီးကို ပုံမပြောနဲ့
ပုံပြင် အသစ်တွေဝယ်ပေး
တပူပူ တဆာဆာ
ဖေဖေ ဘာလို့ကြယ်တွေ တဖြည်းဖြည်း
နောက်ဆုတ်သွားနေကြတာလဲ
ညထဲကို ဘယ်သူကကြောက်စရာတွေ
လာလာထည့်သွားကြတာလဲ
ညကျရင် လူတွေက
တိရစ္ဆာန် တွေကို ကြောက်တယ်
ညကျရင် လူတွေက
လူတွေကို ကြောက်တယ်
ညကျရင် လူတွေက
သေချင်ယောင်ဆောင်လောက်အောက်
ကြောက်ကြတယ် ဘာဖြစ်လို့လဲ။
သူ့မေးခွန်းတွေက ကျွန်တော့်ကို
နေ့ခင်းကြောင်တောင် ကြောက်အောင်
ခြောက်လှန့်နိုင်လွန်းတယ်။
တစ်ခါတစ်ခါ အိပ်နေရင်း ထထယောင်
ရန်သူမြို့ကြီးထဲ
"သမီးကို ချန်မသွားပါနဲ့ ဖေဖေ"
ကျွန်တော် ရန်ကုန်မြို့ကြီးဆီ
အလုပ်ကိစ္စတစ်ခုနဲ့ သွားမယ့် ညတိုင်း
သူ အဲဒီလိုဖြစ်တတ်
ကျွန်တော် မရှိရင်
ကျွန်တော့် အင်္ကျီ တစ်ထည်ကို
ပွေ့ဖက်ပြီး အိပ်တတ်တယ်၊
ရန်ကုန်သွားရင်
ဒွန်ကွီးဇုတ်စာအုပ် ၀ယ်ခဲ့ပါ
ရန်ကုန်သွားရင်
ရယ်စရာကာတွန်းတွေ ၀ယ်ခဲ့ပါ
ရန်ကုန်သွားရင်
ရန် ကုန် မကုန်..ကြည့်ခဲ့ပေးပါ
သမီးဟာ ကြံကြံဖန်ဖန်
ခြံဝအထိ လိုက်နှုတ်ဆက်တတ်၊
ကျွန်တော်က ကလေးတွေကို ချစ်တယ်
ဒါ့ကြောင့် 
ဘယ်သွားသွား ဘယ်လာလာ
ကမ္ဘာပေါ်မှာ
ကလေးတွေကို ချစ်ရာမှာ နာမည်ကြီးတဲ့
ကလေး အမေကို အမြဲမှာရတယ်
အ၀တ်အထည် ရွှေငွေ ရတနာနဲ့
အိုးအိမ် တိုက်တာတွေ ပျောက်ချင်ပျောက်
ကလေးတွေ မပျောက်စေနဲ့။
သူတို့ အနားကပ်ကပ် လာနေတဲ့
သူတို့ရဲ့ အနာဂတ် မပျောက်ပါစေနဲ့။
သူမချစ်ဘဲ ကိုယ်ချစ်တဲ့
သူတို့ မလျှောက်ချင်တဲ့
ချောက်ကမ်းပါး အစွန်း
လှမ်းပြီး တွန်းပို့မမိ ပါစေနဲ့။
ကလေးတွေကို လေးစားပါ
ကကြီး ခခွေးလေးတွေ ဟိုရွေ့ ဒီရွေ့
လူ့သမိုင်းကို သူတို့ရေးကြမှာ။
အေ ဘီ စီ ဒီ လေးတွေ ဟိုရွေ့ဒီရွေ့
ကမ္ဘာ့ သမိုင်းကို သူတို့ရေးကြမှာ။

စိမ်းလန်းသော မြက်ခင်းပြင်လေးမှာ
ပျော်ရွှင်စွာ ကစားနေတဲ့ သိုးကလေးတွေလိုပါ
ကျွန်တော်တို့ တည့်ပေးရမှာက
လမ်းကလေးကို လမ်းဘေးထွက်မသွားဖို့ပါ။
သူတို့ခန္ဓာ ကိုယ်ပေါ်က
အဖြူဆွတ်ဆွတ်
အတွေး အမြင်တွေကို
ဗီတို အာဏာနဲ့ ကိုက်ယူမပစ်လိုက်ဖို့ပါ။
ဘာလိုလဲ လိုတဲ့ဟာ ဖြည့်ပေးစွက်ပေး
လေးစားပေးဖို့ပါ
တူလား၊ ခွလား၊ စုတ်တံလား၊
ဆေးထိုးအပ်လား၊ မြေဖြူလား
ဒါမှမဟုတ်
ငှက်တစ်ကောင်ရဲ့ တောင်ပံ
ဒါမှမဟုတ်
ငါးတစ်ကောင်ရဲ့ ရေယက်များ
ဒါမှမဟုတ်
ကွန်ပျူတာ ချောကလက်
ကျွန်တော်တို့ ရှင်းရှင်းနဲ့လင်းလင်း
ရိုးရိုးသားသား မြင်ကြည့်ကြဖို့ပါ။
ကလေးတွေကို မထိန်းခင်
ကျွန်တော်တို့ကိုယ် ကျွန်တော်တို့
အရင် ထိန်းရမယ်၊
ကျေးကျွန်နဲ့ အစေခံများလို
ဒီလိုနေ၊ ဒီလိုစား၊ ဒီလိုသွား
စေလိုရာစေ အမှတ် တံဆိပ်တွေ
သူတို့ အသားအရေ နုနုလေးတွေအပေါ်
မနှိပ်မိ စေဖို့၊
ရှေ့မှာ သူတို့ကလည်း ဘာမှ
မသိသေးပေမယ့်
ဘာမဆို သူတို့ ဖြစ်နိုင်ကြပြီ။
နောက်မှာ ကျွန်တော်တို့က
ဘာလဲဘာမှ မဟုတ်တာကို သိခဲ့ကြပြီ၊
ကျွန်တော့် သမီးက အချိန်အကြောင်း
မသိချင်ဘူးလေ
ခြံစည်းရိုး အပြင်ဘက်
လှမ်းလှမ်း ကြည့်နေတဲ့
သူမျက်လုံးတွေ
နာရီစက်သံတွေက
သမီးခေါင်းကို ရိုက်နှက်နေကြတယ်
ကျောင်းမှာ ဆရာမရိုက်တာထက်
ပိုပြီး နာကျင်တယ်၊
ဖေဖေ....
လေကိုအစိမ်းလိုက်
သစ်သီးကို အစိမ်းလိုက်
ရေကို အစိမ်းလိုက်
မြေကြီးကို အစိမ်းလိုက်
သမီးတို့လည်း အစိမ်းလိုက်
စားသောက် နေထိုင်ကြရင်
မကောင်းဘူးလား၊ မရဘူးလား
မေးခွန်းတွေက ရေမွန်းနေတဲ့
လူတစ်ယောက်ရဲ့ ခေါင်းပေါ်
တတောက်တောက် ကျနေသလို။
ဘာပဲဖြစ်ဖြစ် အမေတို့ရေ
ကလေးတွေက တန်ခိုးရှင်တွေပါ။
အဖေ့ ပခုံး
ရှင်ဘုရင်ရဲ့ ပခုံး
ဘယ်ပခုံး ဖြစ်ဖြစ်
မြင်းလိုခွစီး ခရီးဝေးသွားနိုင်သူတွေပါ။
ကျွန်တော့် သမီးက ကျွန်တော့်ကို
သိပ်သဘော ကျတယ်
"ဖေ့ဖေ့လက်တွေ သိပ်လှတာပဲ"
"ဘာဖြစ်လို့လဲ သမီး" ဆိုတော့
"လက်ပတ်နာရီ ၀တ်မထားလို့" တဲ့
အဲဒီလို သမီးလေးဟာ ရယ်ရယ်မောမော
ကျွန်တော့်ကို အိမ်နဲ့ ချည်ထားတယ်
သူကိုယ်တိုင် နာရီတွေကို မုန်းပေမယ့်
ကျွန်တော့်ကိုတော့
သူ့နှလုံးသား နာရီ လေးထဲက
ဘယ်မှ ထွက်မသွားအောင်
စက္ကန့်တံလေး တစ်ချောင်းလို
လှောင်ထား၊ ဆောင်ထား၊
အောင်မြင်ထားတယ် တကယ့်ကို
ပိပိရိရိ ထိထိမိမိနဲ့ မိမိ ရရလေး။

No comments:

Post a Comment