ကျတော်ပိုင်နေ့ရက်ကလေး
ည၀တ်ရုံပျောက်ဆုံးတဲ့
လမင်းရေ
ငတ်မွတ်နေတဲ့ ငါ့ ရင်ခွင်အတွက်
အလင်းတွေဖြန့်ကျက်ပေးအုံးနော
ခြောက်သွေ့နွေတွေ
အလေ့ကျပေါက်ရာမှာ
အလွမ်းတွေသာရိုးရာသုံးခဲ့ရပေါ့
အမုန်းမှုန်းတိုင်း
ဒုန်းဆိုင်း ၀င်ဆောင့်လို့
ပက်လက်အသဲခပ်မွဲမွဲမှာ
အပြုံးအစိမ်နိုင်တဲ့
ငါးရက်တာဟာ
ငါးရာ့ငါးကမ္ဘာ ခြားခဲ့ပြီလေ
အညှိုးတွေနဲ့ ရွာသွန်းတဲ့
နေမင်းအပူလှိုင်းအတွက်
စနေမျြူနှင်းတွေ လိုအပ်ကြောင်း
တနင်္ဂနွေမိုးစက်တွေ လိုအပ်ကြောင်း
လမင်းရေ မင်းသိဖို့ကောင်းရဲ့
ချုပ်ရိုးတရစပ်
ဒဏ်ချက်အထပ်ထပ်
ရောစပ်သောက်ခဲ့တာဟာလည်း
လမင်းရဲ့ ပုံရိပ်ထုဆစ်ဖို့ပဲလေ
အလွမ်းပေါ်အလင်းတစ ဖြန်းပက်ဖူးတဲ့ ညက
မှတ်မှတ်ရရ ရမှတ်အပြည့်နဲ့
ဖွာရှိုက်ခဲ့တဲ့ မင်းလက်ချောင်းတွေ
တဂျွတ်ဂျွတ်ဝါးခဲ့တဲ့ ပါးပြင်တွေ
တဂွတ်ဂွတ်မျိုချခဲ့တဲ့ ရနံ့တွေ
နောက်
နှုတ်ခမ်းတစ်စုံပေါ် လွှမ်းခြုံခဲ့တာလည်း
အဲဒီနေ့ပါပဲ
အဲဒီလိုနေ့မှာပဲ
ဝေဒနာတွေ ထုပ်ပိုးပြီး
အလွမ်းရထားပေါ်တက် ခရီးဆက်ခဲ့တာ
ဘယ်သူသိမှာလဲ........။

No comments:
Post a Comment